တွံတေး ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေးလုပ်ငန်းစဉ်(၅)ရပ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရာတွင် ပြည်သူလူထုမှ မှန်ကန်စွာ ရွေးချယ်တင်မြှောက်နိုင်ရေးနှင့် အခြေခံမဲစာရင်းများမှန်ကန်ရေးအတွက် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်ကတွံတေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် တွံတေးခရိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်မှ အဖွင့်အမှာစကားပြောကြားပြီး တွံတေးခရိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ခရိုင်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအတွင်းရေးမှူး ဦးအောင်ကျော်ဦးနှင့် တွံတေးမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က အမှာစကားပြောကြားရာ ရွေးကောက်ပွဲကျင်းပရာတွင် အခြေခံမဲစာရင်းများ မှန်ကန်စေရန် နိုင်(၄)မှတ်တမ်းများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နည်းပညာများအသုံးပြု၍ e-ID Software အတွင်း ရေးသွင်းဆောင်ရွက်ပြီးဖြစ်တာကြောင့် ယခုအခါ ကွင်းဆင်းကောက်ယူရေးအဖွဲ့ဝင်များက အခြေခံ စာရင်းများကို မြေပြင်အထိ ကွင်းဆင်းကောက်ယူပြီး တိုက်ဆိုင်စစ်ဆေးကာ ရရှိလာသော အခြေခံစာရင်းများဖြင့် ဆောင်ရွက်သွားနိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တွံတေးမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းမြင့်ဦးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းကောက်ယူရေးစီမံချက် သင်တန်းဆိုင်ရာများ၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ စာရင်းကောက်လက်စွဲစာစောင်နှင့် စာရင်းကောက်ကျင့်ဝတ်များ၊ အထစ-ပုံစံ အလွတ်ရေးသွင်းခြင်း၊ ပုံစံများဖြန့်ဝေခြင်း၊ နေ့စဉ်စာရင်းနှင့်စာရင်းချုပ်ပြုစု၍ ပြန်လည်အပ်နှံခြင်း၊ မသန်စွမ်း(၅)မျိုး ကောက်ယူခြင်း၊ ပြောင်းဝင်/ ပြောင်းထွက်နှင့် သေဆုံးသူများအားမှတ်ချက်ပေးပြီး Upgrade ပြုလုပ်ခြင်း စသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီးနောက် သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ဒီဇင်ဘာ(၂၇)ရက်နှင့် (၂၈) ရက်နေ့အထိ နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသားများအဖြစ်တွံတေးမြို့နယ်အတွင်းရှိ ထွေ/ အုပ်ဝန်ထမ်းများ၊ လ.ဝ.က ဝန်ထမ်းများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ(၄၅၃)ဦး တက်ရောက်ခဲ့ကြပြီး ယခုဖွင့်လှစ်သော သင်တန်းသားများအားနည်းပြဆရာ၊ဆရာမ(၁၀)ဦးက ဆင့်ပွားသင်တန်းအဖြစ် ပြန်လည်ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တွံတေးသား (ပြန်/ ဆက်)