ရန်ကုန် ဒီဇင်ဘာ ၂၇
၂၀၂၃ခုနှစ်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အခြေခံမဲစာရင်းမှန်ကန်ရေးသည် အဓိကအရေးကြီးသည့် လုပ်ငန်းစဉ်ဖြစ်ရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၌ မြို့နယ်လူဦးရေစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမိုးဦးပန်းခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် ကမာရွတ်ခရိုင်(Working Group) လူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဝင်းမောင်သန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးပြီးရရှိလာသည့် စာရင်းကို အခြေခံကာ မှန်ကန်သည့် မဲစာရင်းရရှိရေးနှင့် မသန်စွမ်းအမျိုးအစားအလိုက် စာရင်းကိုလည်း တစ်ပါတည်း ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းပမာဏများပြားသည့်အတွက် အချိန်တိုအတွင်း ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်၍ လုပ်ငန်းတိကျ မှန်ကန်မြန်ဆန်အောင်အလေးထား ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ သင်တန်းသားများကို မြေပြင်တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းကောက်ကြမည့်(Working Group)များကို မြေပြင်တွင်လုပ်ငန်းများ လက်တွေ့ဆောင်ရွက်နိုင်သည့်အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗဟန်းမြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးလင်းအောင်၊ ပညာရေးဝန်ကြီးဌာန၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးမျိုးနိုင်နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြင့်စိုးတို့က နည်းပြအဖြစ်ဆောင်ရွက်ပြီး ဗဟန်းမြို့နယ်အတွင်းရှိ (၂၂)ရပ်ကွက်မှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းသား၊သင်တန်းသူ(၁၇၄) ဦးတက်ရောက်၍ မြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းများကို ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကောက်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)