မြို့နယ်အဆင့် မြေပြင်လူဦးရေစာရင်း ကောက်ယူရေးသင်တန်း သန်လျင်၌ ဖွင့်လှစ်

သန်လျင် ဒီဇင်ဘာ ၂၇

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မြို့နယ်အဆင့် မြေပြင်လူဦးရေစာရင်း ကောက်ယူရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် သန်လျင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်ခရိုင် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်သည် အဓိကကျသည့် လုပ်ငန်းစဉ်ဖြစ်၍ မြေပြင်တွင် မှန်မှန်ကန်ကန် စနစ်တကျ ကောက်ယူနိုင်ရေးနှင့် အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း  သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအသီးသီးမှ သင်တန်းတက်ရောက်လာကြသူများအနေဖြင့် နိုင်ငံတော်အတွက် အရေးကြီးသော လုပ်ငန်းစဉ်ကြီး အောင်မြင်စေရန် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်၊ ဆက်လက်၍  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ် ဦးစီးမှူး ဦးထွန်းထွန်းဇော်က မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

အဆိုပါ မြို့နယ်အဆင့် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေး သင်တန်းဖွင့်ပွဲ့သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ သန်လျင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသား၊ သင်တန်းသူ (၅၂၉) ဦးတို့ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)