မိတ္ထီလာမြို့နယ်တွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးသင်ခန်းစာပို့ချခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ   

မိတ္ထီလာ ဒီဇင်ဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးသင်ခန်းစာပို့ချခြင်း ဖွင့်ပွဲအခမ်းအနားက ယနေ့နံနက် ၉နာရီ ၃၀မိနစ်အချိန်က ပညာရေးကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ပြုလုပ်တဲ့ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းကောက်ယူရေးသင်တန်းသည် လွန်စွာအရေးကြီးတဲ့ သင်တန်းဖြစ်ပါတယ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲမှ အရေးကြီးဆုံးလုပ်ငန်းဖြစ်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေးသည် အဓိကအရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်၊ ဒါကြောင့် မဲစာရင်းမှန်ကန်ရေးအတွက် လူဦးရေစာရင်းများ မှန်ကန်ရေး နိုင်ငံတော်က မြေပြင်ကွင်းဆင်းစာရင်းများ ကောက်ယူရေးကြီးကြပ်မှုကော်မတီ အဆင့်ဆင့် ဖွဲ့စည်းပြီး လုပ်ငန်းများဆောင်ရွက်ရခြင်းဖြစ်ပါတယ်၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး အဖွဲ့ခေါင်းဆောင်အပါအဝင် တစ်ဖွဲ့လျှင် (၅)ဦးဖြင့် ဖွဲ့စည်းထားပြီး ယခုသင်တန်းမှ  စာရင်းကောက်ယူမည့် အဖွဲ့များအား လက်တွေ့လုပ်ငန်း ဆောင်ရွက်တဲ့နေရာမှာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ဖို့အတွက် ပို့ချပေးသွားမှာဖြစ်ပါတယ်၊ ဒီသင်တန်းကို တက်ရောက်လာကြတဲ့ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချတဲ့သင်ခန်းစာများကို သေချာဂရုစိုက်မှတ်သားကြစေလိုကြောင်း၊ ဒါမှသာ မြေပြင်မှာ လက်တွေ့စာရင်းကောက်များအနေနဲ့ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်၊ မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းများသည် နိုင်ငံတော်အတွက် အထူးအရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ခံယူချက်အပြည့်နဲ့ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ဗဟိုကော်မတီရဲ့ သတ်မှတ်ချက်လုပ်ငန်းစဉ်များအတိုင်း စနစ်တကျလိုက်နာဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းနည်းပြများက  မြေပြင်ကွင်းဆင်းကောက်ယူရေး သင်ခန်းစာများကို ဆက်လက်ပို့ချခဲ့သည်။ 

၎င်းသင်တန်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ (Working Group)မှ အဖွဲ့ခေါင်းဆောင်၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး အဖွဲ့(Working Group)မှ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးသိန်းမြင့်ကျော် (ပြန်/ ဆက်)