တနင်္သာရီ ဒီဇင်ဘာလ ၂၇
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ အခမဲ့ထုတ်ဝေသည့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းနှင့်ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက အထက-တနင်္သာရီ ကျောင်းသား/သူများထံ အခမဲ့ဖြန့်ဝေပေးကြသည်။
အဆိုပါလက်ကမ်းစာစောင်များကို ကျောင်းသား/သူများ၊ လူငယ်လူရွယ်များက လွတ်လပ်ရေးကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်လိုသည့် ချစ်မြတ်နိုးစိတ်များ ထက်သန်စေရန်နှင့် စာစီစာကုံးပြိုင်ပွဲများဖြေဆိုရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကြိုတင်ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
၎င်းလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက်၊ စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ခုနှစ်၊ဇူလိုင်လ(၁၃)ရက်နေ့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့သော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည့် လွတ်လပ်ရေးမိန့်ခွန်းမှကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၄-၁-၂၀၂၂) ရက်နေ့ (၇၄)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နှုတ်ချက်၊ မြင်းမူမောင်နိုင်မိုးရေးသည့် “လွတ်လပ်ရေးပန်းမို့မနွမ်းစေချင်”ကဗျာ၊ စည်းလုံးညီညွတ်မှုကိုတည်ဆောက်၊ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ဆောင်းပါးများ၊ လွတ်လပ်ရေးကို ကာကွယ်ပါ-အမိနိုင်ငံတော်ကိုချစ်မြတ်နိုးပါ/ ပြည်ထောင်စုအမွေအမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့ဆောင်ပုဒ်များနှင့် ကာတွန်းဆရာလှထွဋ်ဦး၏ တစ်ကွက်ကာတွန်း..စသည့်အချက်များကို ရောင်စုံစက္ကူဖြင့် စိတ်ဝင်စားဖွယ်ဖော်ပြပါရှိကြောင်း သိရသည်။
၎င်းလက်ကမ်းစာစောင်များကို အခြားအခြေခံပညာကျောင်းများသို့ ဆက်လက်ပေးပို့ဖြန့်ဝေမည်ဖြစ်ပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက်အရှေ့ မြေစိုက်ဘုတ်တွင်လည်းကပ်ထား၍ ပြသထားကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)