မက်မန်း ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က မင်းရန်အောင်ခန်းမတွင် ဖွင့်လှစ်ခဲ့သည်။
မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သောင်းက သင်တန်းဖွင့်ပွဲအမှာစကားပြောကြားရာတွင် “နိုင်ငံတော်မှ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင်ပါဝင်သော အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ အခြေခံမဲစာရင်းများ မှန်ကန်နိုင်ရေးအတွက် မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့မှ စာရင်းများမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မက်မန်းမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က သင်တန်းတက်ရောက်ကြသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်/ကျေးရွာရပ်ကျေးစာရေးများအား မြေပြင်စာရင်းများကို မှန်ကန်စွာကောက်ယူနိုင်ရေးအတွက် ကြိုးစားသင်ယူစေလိုကြောင်း၊ ယခုကောက်ယူမည့်စာရင်းများသည် မြို့နယ်အတွက် အရေးကြီးပါကြောင်း၊ အခြေခံစာရင်းများ မှန်ကန်စွာ ပြုစုမှသာ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများ အောင်မြင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်လဝကမှူးနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့တွင် ပါဝင်မည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကျေးစာရေးများအား လုပ်ငန်းစဉ်နှင့်ပတ်သက်သည်များကို သင်တန်းပို့ချလျက်ရှိသည်။ အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာ အုပ်ချူပ်ရေးမှူးနှင့် ရပ်ကျေးစာရေး ( ၄၆ ) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
ပန်းကျင် (ခရိုင်၊ ပြန်/ဆက်)