ထားဝယ် ဒီဇင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၁၀/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆောင်ရွက်ပေးလိုက်သော မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့်ပတ်သက်ပြီး အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် အရေးကြီးကြောင်း၊ အထူးသဖြင့်တိုင်းဒေသကြီးအတွင်းမှာရှိသော မြေယာများနှင့်ပတ်သက်၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပုစွန်မွေးမြူရေးလုပ်ငန်း၊ အုန်းပင်/ဓနိပင်စိုက်ပျိုးရေးလုပ်ငန်းများ၊ ဒီရေတောများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မဖွံ့ဖြိုးသေးသော နေရာများတွင်လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများရှိပါက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်ချို့နေရာများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ရည်ရွယ်ချက်ကောင်းစွာဖြင့် ဆောင်ရွက်ပေးခဲ့သော်လည်း လွဲမှားစွာအသုံးချမှုများရှိနေသည်ကိုတွေ့ရကြောင်း၊ မြေယာကိစ္စရပ်များအား အသုံးချသည့်နေရာတွင် တရားဝင်ဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်ကော် မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးဆန်းလင်းဦးကမြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက လိုအပ်သည့်များကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)