မိုင်းယောင်းတွင် ပေါင်းတင်းများကို ဝယ်ယူစားသုံးသူ များပြား

မိုင်းယောင်း ဒီဇင်ဘာ ၂၇

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့တွင် ရာသီစာ ပေါင်းတင်း(ခေါက်လမ်)များကို ဝယ်ယူစားသုံးသူ များပြားပြီး ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ဒေသထွက် ပေါင်းတင်းဝါး၊ ကောက်ညှင်းနှင့် အုန်းသီးတို့ဖြင့် သဘာဝအတိုင်း ပြုလုပ်သည့်အတွက် အနံ့အရသာ ထူးခြားကောင်းမွန်ခြင်းကြောင့် ဝယ်ယူစားသုံးမှုများကာ ရောင်းသူဝယ်သူ အဆင်ပြေလျက်ရှိသည်။ ခေါက်လမ် တစ်ခုလျှင် ငွေကျပ် ၃၀ဝဝ မှ ၄၀၀၀ အထိ ပေးရသည်။ အိမ်များမှ ဖောက်သည်ယူရာတွင် တစ်ခုလျှင် ငွေကျပ် ၂၅၀၀ မှ ၃၅၀၀ ဖြင့် ဖောက်သည်ယူရကြောင်း သိရသည်။

ချမ်းအေးသော ဆောင်းတွင်းကာလတွင် ခေါက်လမ် ပူပူနွေးနွေးကို နံနက်စာအဖြစ် အများဆုံးစားသုံးပြီး မုန့်ပဲသရေစာအဖြစ်လည်း စားသုံးကြသည်။ အခြားဒေသရှိ ဆွေမျိုး၊ မိတ်ဆွေနှင့် ချစ်ရသူများအတွက် တန်ဖိုးထား ဝယ်ယူပေးပို့သည်များရှိသည့်အပြင် အနယ်နယ်အရပ်ရပ်က ဧည့်သည်များကလည်း အိမ်အပြန်လက်ဆောင်အဖြစ် မိုင်းယောင်းခေါက်လမ်ကို အမြတ်တနိုး ဝယ်ယူကြကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း