မိုင်းခတ် ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့၌ ၂၀၂၃ ခုနှစ်ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးဌာန ဝန်ထမ်းများက အခြေခံပညာကျောင်းများသို့ ကျောင်းသား၊ ကျောင်းသူများများထံ အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်များ၊ ''လွတ်လပ်ရေး'' ခေါင်းစဉ်ဖြင့် ၂၃.၁.၁၉၄၆ ရက်နေ့၊ ဖဆပလပြည်လုံးကျွတ်ညီလာခံကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ''မှန်ကန်သောမျိုးချစ်စိတ်ဓာတ်များရှိရန်အထူးလိုအပ်'ခေါင်းစဉ်ဖြင့် ၂၈-၁၁-၂၀၂၁ ရက်နေ့(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ''အမျိုးသားရေးအားမာန်''ခေါင်းစဉ်ဖြင့် ဆောင်းပါးတို၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏အမည်များ၊ ''သူ့ကျွန်မခံ အမျိုးသားမာန်''ကဗျာများ ထည့်သွင်းဖော်ပြထားသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)က စောင်ရေ (၂၀၀၀၀၀)အခမဲ့ထုတ်ဝေခြင်းဖြစ်ပြီး မိုင်းခတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စောင်ရေ (၂၆၃)စောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)