ပင်းတယ ဒီဇင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု မြို့နယ်အဆင့်သင်တန်းကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃)ဦးကျော်ကျော်ဦးမှ နိုင်ငံတော်အစိုးရ၏ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ် အကြောင်း၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာတွင် ပြည်သူလူထုမှ မှန်မှန်ကန်ကန်ရွေးချယ်တင်မြှောက် နိုင်ရေးအတွက် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍဖြစ်တဲ့အတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေးသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်း ဖြစ်ကြောင်းနှင့် မြေပြင်ကွင်းဆင်း ကောက်ယူရေးအဖွဲ့၏ကျင့်ဝတ်များစသည်တို့ကို ရှင်းလင်းပြောကြား ပေးသည်။
သင်တန်းအား ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက ဦးဆောင်၍ သင်တန်းနည်းပြဆရာ/မ (၄)ဦးတို့မှ သင်ကြား ပေးသွားမည်ဖြစ်ပြီး၊ အဆိုပါသင်တန်းတွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်ရပ်ကွက်/ကျေးရွာများမှ ရပ်ကျေးစာရေးများ စုစုပေါင်း သင်တန်းသူ၊ သင်တန်းသား (၁၂၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)