ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၇
မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ဒီဇင်ဘာလ(၂၇)ရက်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်မြေပြင် ကွင်းဆင်းစာရင်း ကောက်သင်တန်းကိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေက သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းကို ဒီဇင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၂၈)ရက်နေ့အထိ (၂)ရက်ကြာ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အမှုထမ်းများပါဝင်သော စာရင်းကောက်(၃၁၃)ဦးနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး(၅၉)ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။
ဇင်းမင်းထိုက်(ထန်းတပင်)