နမ့်ဆန်မြို့တွင် လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူနိုင်ရေး သင်တန်းပို့ချ

နမ့်ဆန် ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း ရွှေဖီဦးခန်းမတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ လူဦးရေ စာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်း ကောက်ယူနိုင်ရေး သင်တန်းပို့ချခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာသိန်းဇော် မှအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းလင်းက သင်တန်းသို့တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား မြေပြင်ရှိနှင့် အိမ်ထောင်စုလူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေ မှန်ကန်သော စာရင်းရှိရေး မြေပြင်ကွင်းဆင်း ကောက်ယူရေးလုပ်ငန်း လမ်းညွှန်ချက်များအား ဟောပြော ဆွေးနွေးပို့ချခဲ့သည်။

နမ့်ဆန်မြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေ ပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းကိုမြို့နယ်ဦးစီးကော်မတီ၊ မြို့နယ်ကြီးကြပ်မှု ကော်မတီ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကြီးကြပ်မှုကော်မတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု စာရင်းကောက်အဖွဲ့များဖြင့် သင်တန်းကို (၂၇.၁၂.၂၀၂၂)မှ (၂၈.၁၂.၂၀၂၂)ထိ (၂)ရက်သာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသပြန်/ဆက်