မိုင်းဆတ်မြို့၌ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းဖွင့်လှစ်

မိုင်းဆတ် ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်း ကို ယနေ့နံနက်(၈)နာရီက မိုးလုံလေလုံအားကစားရုံတွင် ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်း/ရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်က နိုင်ငံတော်ရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် နောက်ဆုံးလုပ်ငန်းစဉ်အရ လွတ်လပ်ပြီး တရားမှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော် တာဝန်လွှဲပြောင်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး အတွက် ပထမအဆင့်အနေဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ် ဦးစီးမှူးရုံးများတွင် နိုင်(၄)မှတ်တမ်းများကို နည်းပညာအသုံးပြုပြီး Software အတွင်း ထည့်သွင်းခြင်း၊ ဒုတိယအဆင့်အနေဖြင့် ဩဂုတ်လနှင့် စက်တင်ဘာလတွင် အိမ်ထောင်စု လူဦးရေစာရင်းများကို Software အတွင်း ထည့်သွင်းဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ခွဲ (ရှမ်း/ရှေ့)ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်းပြီးဖြစ်ရာ ခရိုင်/မြို့နယ်အဆင့် မြေပြင်စာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီများ အမြန်ဖွဲ့စည်းသွားရန်လိုအပ်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီများကိုလည်း အမြန်ဖွဲ့စည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက်သင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းတက်ရောက်သူများအနေဖြင့် စနစ်တကျ တတ်မြောက်အောင် သင်ကြားပြီး မြေပြင်တွင် လက်တွေ့နမူနာ စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် မြေပြင်ကွင်းဆင်းစာရင်းကောက် သင်တန်းဖွင့်ပွဲကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်း/ရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်ခိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးသန့်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသား/သူ (၁၅၀)ဦးအား သင်တန်းမှူး(၄)ဦးဖြင့် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်း သင်ခန်းစာများကို တစ်ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်