မိုင်းတုံမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူရေးရှင်းလင်းခြင်းအခမ်းအနားကျင်းပ

မိုင်းတုံ ဒီဇင်ဘာ ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်း‌ကျော်က မဲစာရင်းပြုစုနေမှုအခြေအနေ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုနှင့် အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်းကောက်ယူရေးတို့နှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလှ‌အေးက မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ဖွဲ့ စည်းထားရှိမှုနှင့် Working Group ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ပို့ချပေးမည့်အခြေအနေ၊ မသန်စွမ်းသူများအား စာရင်းကောက်ယူမည့်အခြေအနေ၊ နေ့တွက်၊ လုပ်အားခနှင့် သယ်ယူပို့ဆောင်ခထောက်ပံ့ပေး မည့်အခြေအနေတို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက စာရင်းကောက်ယူရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်က အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဆောင်ပြီး ၂၀၂၂ခုနှစ်၊ဒီဇင်ဘာ (၂၇/၂၈) နှစ်ရက်ကိုသင်တန်းဖွင့်လှစ်‌ ပေးမှာဖြစ်သည့်အတွက် သင်တန်းကိုတက်ရောက်ကြရန်နှင့် လုပ်ငန်းအောင်မြင်ရေးပူးပေါင်းဆောင်ရွက်ပေးရန် နိဂုံးချုပ်အမှာစကားပြောကြားသည်။

မိုင်းတုံခရိုင်တွင် မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ ကျေးရွာ(၁၀၆) ရွာ၊ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၁၃)အုပ်စုအိမ်ထောင်စု (၁၆၉၅၅) စုရှိပြီး မြေပြင်တစ်အိမ် တက်ဆင်းစာရင်းကောက်ယူရေး Working Group(၃၄)ဖွဲ့ဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)