ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၁၀)နာရီတွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် L.C.R (103)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ်‌ ဒေါက်တာကြည်ရွှင်က အဖွင့်အမှာစကားပြောကြားပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်း ကလူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများသည် အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့်လူငယ်များ ပေါ်ထွန်းလာစေရန် လိုအပ်ပါကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့်ဗလငါးတန်နှင့် ပြည့်စုံမှသာနိုင်ငံတာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ အချင်းချင်းရင်နှီးချစ်ခင်မှုများ တိုးပွားလာပြီးယဉ်ကျေးလိမ္မာစွာ ပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်‌စန္ဒာမိုး၊ တွဲဖက်ဦးဆောင်ဆွေးနွေးသူအဖြစ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ အင်္ဂလိပ်ဘာသာဌာနမှ လက်ထောက်ကထိက ဆရာမဒေါ်မြအိအိတို့က ဦးဆောင်ဆွေးနွေးကာ ကျောင်းသား၊ ကျောင်သူ(၆)ဦးတို့က လူငယ်နှင့်ပညာရေး၊  လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့်အလုပ်အကိုင်၊ အစရှိသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးကြသည်။

ထိုနောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ပါမောက္ခချုပ်‌ ဒေါက်တာကြည်ရွှင်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းတို့က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူစုစု‌‌ပေါင်း(၁၅၀)ဦးခန့် တက်ရောက်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့်စာအုပ်များကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှူ‌လေ့လာကြ‌ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)