ကျောက်မဲ ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ နမ်မိန်းဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက် ၉ နာရီက ရဟန်းသံဃာတော်များ၏ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် ကျန်းမာရေးဌာနမှ ကွင်းဆင်းပြီး ဆေးဝါးများ အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နမ်မိန်းကျောင်းသည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်သောကြောင့် သံဃာတော် အပါး ၁၀၀ ကျော်ရှိကြောင်း ၊ ကျန်းမာရေးဝန်ထမ်းများက အဆိုပါ သံဃာ များအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ယားနာ၊ ဒက်၊ ပွေး၊ ညှင်း အစရှိသည့်ရောဂါများ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ အခမဲ့ဆေးဝါးကုသပေး နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်ရှိ သံဃာတော်များသည့် အခြားဘုန်းတော်ကြီးကျောင်းများသို့လည်း ကျောက်မဲခရိုင် ကျန်းမာရေးဌာန၏ မတည်ငွေများနှင့် အလှူရှင်များတို့၏ ထည့်ဝင် လှူဒါန်းငွေများဖြင့် အလားတူ အခမဲ့ဆေးကုသပေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)