ဒဂုံအရှေ့ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကလေးသူငယ်များ၏ အခွင့်အရေးများ၊ ကလေးသူငယ်များ၏ မှုခင်းကိစ္စရပ်များ လျော့နည်းပပျောက်စေရန် ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်ကာ မြို့နယ်ကလေးသူငယ်များ အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမျိုးသူက အဖွင့်အမှာစကား ပြောကြားခြင်း၊ အရှေ့ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်စောရွှေမှ ကလေးသူငယ်အခွင့်အရေးများဖြစ်သော အသက်ရှင်ရပ်တည်မှုဆိုင်ရာ၊ ဖွံဖြိုးတိုးတက်မှု ဆိုင်ရာ၊ ကာကွယ်မှုဆိုင်ရာ အခွင့်အရေး၊ ပါဝင်ဆောင်ရွက်မှုဆိုင်ရာ အခွင့်အရေး အမျိုးအစားအလိုက် ဆောင်ရွက်ပေးနေမှုများနှင့် မြို့နယ်ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကော်မတီဝင်များမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် အစည်းအဝေးသို့မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့၍ တက်ရောက်လာကြသူများအား ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ဇွဲမင်းထက်