ထားဝယ် ဒီဇင်ဘာ ၂၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဆယ်မိုင်ကျေးရွာတွင် ဆောင်ရွက်မည့် ၁၀ MW Solar Power Plant ဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Southern Coastline Group Co.,Ltd တို့အကြား ချုပ်ဆိုမည့် BOT စာချုပ်(မူကြမ်း)အား စာချုပ်(မူကြမ်း) များစိစစ်ရေးကော်မတီဖြင့်စိစစ်မည့်အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စာချုပ်(မူကြမ်း)များစိစစ်ရေးကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က ကုမ္ပဏီများအနေဖြင့် BOT စာချုပ် ချုပ်ဆိုနိုင်ရန်အတွက် စာချုပ်(မူကြမ်း)အား စိစစ်ရေးကော်မတီက (၁၇-၆-၂၀၂၂)ရက်နေ့တွင် စိစစ်ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ (၂၆-၉-၂၀၂၂)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ဒါအောင်ကုမ္ပဏီနှင့် တနင်္သာရီတိုင်းဒေသကြီအစိုးရအဖွဲ့တို့အကြား နှစ်(၃၀) BOT စာချုပ် ချုပ်ဆိုနိုင်ရေးအတွက် တင်ပြဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်ပြီး BOT စာချုပ်မူကြမ်းအား တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက ဖြည့်စွက်ရှင်းလင်းဆွေးနွေးပြောကြားပြီး Southern Coastline Group Co.,Ltd က ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီဝင်များက လိုအပ်သည်များကိုဆွေးနွေးကာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်