ဘားအံ ဒီဇင်ဘာ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပနိုင်ရေး ကရင်ပြည်နယ်အတွင်း မဲစာရင်းပြုစုရာတွင် အခြေခံရမည့်လူဦးရေစာရင်းများ ပြည့်စုံမှန်ကန်ရေး ပြန်လည်တိုက်ဆိုင်စစ်ဆေးရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မဲစာရင်းမှန်ကန်မှုရှိမှသာ ရွေးကောက်ပွဲရလာဒ်မှန်ကန်နိုင်မည်ဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးအနက်ထားဆောင်ရွက်ကြဖို့လိုကြောင်း၊ မြေပြင်စာရင်းကောက်ယူရေးအဖွဲ့များကို ခရိုင်၊ မြို့နယ်အလိုက် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး သင်တန်းပေးပြီးပါက ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ရက် ၂၀ ကြာ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်မှုရှိမှသာလျှင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မဲစာရင်းများကိုတိတိကျကျထုတ်ပြန်ကြေငြာနိုင်မည်ဖြစ်ပြီး မဲစာရင်းမှန်ကန်မှသာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များမှန်ကန်နိုင်မည်ဖြစ်ကြောင်း၊ ခရိုင်၊ မြို့နယ်များမှ အားထည့်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်သည့်ကုန်ကျစရိတ်များကို လျာထားပေးပြီး တာဝန်သိသိ၊ တာဝန်ရှိရှိဖြင့် တာဝန်ကျေပွန်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကရင်ပြည်နယ်တာဝန်ခံ ဦးစောဘလှိုင်က မဲဆန္ဒရှင် စာရင်းများပြည့်စုံမှန်ကန်စေရေး၊ တစ်မြို့နယ်နှင့်တစ်မြို့နယ် အပြန်အလှန်(Cross-Check)စစ်ဆေးဆောင်ရွက်မှု အခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များ၊ ဥပဒေပါမဲစာရင်းပြုစုခြင်းဆိုင်ရာပြဌာန်းချက်များ၊ အခြေခံလူဦးရေစာရင်းများပြုစုခြင်း၊ စိစစ်သည့်လူဦးရေ၊ စိစစ်တွေ့ရှိရသည့်အကြိမ်ထပ်ဦးရေနှင့် တွေ့ရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစိုးလွင်က မြေပြင်လူဦးရေစာရင်း တစ်အိမ်တက်ဆင်းကောက်ယူမည့်အစီအမံများကို ရှင်းလင်းတင်ပြကာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၏ လုပ်ငန်းဆောင်ရွက်မှုနှင့်သင်တန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်တက်ရောက်လာကြသော ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး၊ ဖာပွန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြေပြင်လူ ဦးရေစာရင်းအား သက်ဆိုင်ရာဌာနများနှင့်တိုက်ဆိုင်စိစစ်၍ ပြင်ဆင်/ဖြည့်စွက်/ပယ်ဖျက်ခြင်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မြေပြင်ကွင်းဆင်းဆောင်ရွက်နိုင်မှုအခြေအနေနှင့် သင်တန်းဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဆွေးနွေးတင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြုဖြည့်စွက်ဆေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)