ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကရင်တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ဘားအံ ဒီဇင်ဘာ ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကရင်တိုင်းရင်းသားဘာသာစကားသင် (G1, G2, G3) TA/LA ဆရာ၊ ဆရာမများ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဘားအံမြို့ ကရင်ပရိယတ္တိစာသင်တိုက်၌ကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦး တတ်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ကြီးမှူးကျင်းပသည့် ကရင်တိုင်းရင်းသားဘာသာစကားသင် TA/LA ဆရာ/ ဆရာမများ မွမ်းမံသင်တန်းအခမ်းအနားဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုး(၁၃၅)မျိုးဖြင့် ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်ပြီး အဆိုပါ (၁၃၅)မျိုးသော တိုင်းရင်းသားလူမျိုးများအားလုံးသည် ကိုယ်ပိုင်စာပေ ၊ ဘာသာစကား ၊ အနုပညာ ၊ ယဉ်ကျေးမှုကိုယ်စီရှိကြပါကြောင်း၊ ကရင်တိုင်းရင်းသားများအနေဖြင့် ရှေးဘိုးဘွားများအမွေအဖြစ်ထားခဲ့သည့် ကိုယ်ပိုင်စာပေ၊ ဘာသာစကား၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများမပျောက်ပျက်ရရန်၊ ရေရှည်တည်တံ့ရန်နှင့် ပြန့်ပွားထွန်းကားရန် တာဝန်ရှိပုဂ္ဂိုလ်များက ယခုလိုသင်တန်းများ ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း ကရင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအခမ်းအနားများ၊ နေ့ထူးနေ့မြတ်အခမ်းအနားများ ကျင်းပနိုင်ရန်အတွက် လိုအပ်သည့်ရန်ပုံငွေများကို လျာထားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အခြေခံပညာကျောင်းများ၌ ကရင်စာပေသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများအတွက် ကရင်တိုင်းရင်းသားသင်ရိုးညွှန်းတမ်းဖြစ်သော ပိုးကရင် (G1, G2, G3) စာအုပ် (၃၄၆၄၈)အုပ်နှင့် စကောကရင် (G1, G2, G3) စာအုပ်(၃၄၀၀၀)အုပ် ထုတ်ဝေပေးပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ယင်းသင်ရိုးညွန်းတမ်းများကို ဆရာ/ဆရာမများက သေချာလေ့လာပြီး မိမိတို့ကရင်တိုင်းရင်းသားများကို သင်ကြားပြသပေးရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတာဝန်ခံ ဒေါ်နန်းမြင့်တင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ရန်ပုံငွေကျပ် (၆၈၂၀၀၀၀/-) ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းတာဝန်ခံက လက်ခံရယူခဲ့သည်။ အဆိုပါ သင်တန်းကို ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင်လည်း ဆက်လက်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)