အင်းစိန်မြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများကို ယနေ့ နံနက်(၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကျင်းပသည်။

ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ပြပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ပြောကြားသည်။

ထို့နောက် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲကို အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မောင်မောင်ဝင်းမြင့်(မှုခင်း)နှင့် စာရေးဆရာ ဝင်းနွယ်(ပုသိမ်)တို့က လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ‌အသီးသီး ဟောပြောသည်။

ယင်းနောက် အင်းစိန်မြို့နယ်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးတို့က ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီပြိုင်ပွဲများ အသီးသီးတို့တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲများ၌ ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)ရုံးမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူ များက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)