တာမွေ ဒီဇင်ဘာ ၂၆
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့၌ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းပြီး ဘေးကင်းလုံခြုံသည့် ရန်ကုန်မြို့တွင်း ဘတ်စ်ကားဝန်ဆောင်မှုတစ်ခု ဖြစ်ပေါ်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)အနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)ရုံး၌ YBS ယာဉ်လိုင်းများမှ စည်းကမ်းဖောက်ဖျက်သည့် YBS ယာဉ်မောင်းများအား အသိပညာပေးဆွေးနွေးပွဲ အမှတ်စဉ်(၁/၂၀၂၂)ကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဒုတိယဥက္ကဦးချစ်ကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့်ပညာရှင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူအသီးသီးတို့က နိုင်ငံတကာတွင် ယာဉ်မောင်းများ မောင်းနှင်နေသည့် အခြေအနေ၊ ယာဉ်မောင်းများ စိတ်ဓာတ်ရေးရာ ပြင်ဆင်ပြောင်းလဲရေး၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ယာဉ်မောင်းကောင်းတစ်ယောက်ဖြစ်ရေး လုပ်ဆောင်ရန်အချက်များ၊ မော်တော်ယာဉ် ဥပဒေ၊ နည်းဥပဒေများကို သိရှိနားလည်ပြီး လေးစားလိုက်နာသည့် ယာဉ်မောင်းကောင်းတစ်ဦးဖြစ်ရန် လိုက်နာ/သိရှိသင့်သည့်အချက်များ၊ ယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်ဆက်နွယ်နေသည့် ရာဇသတ်ကြီးပုဒ်မများ၊ YBS ယာဉ်မောင်းများ အများဆုံး စည်းကမ်းဖောက်ဖျက်လေ့ရှိသည့် ပြစ်မှုများအပေါ်သုံးသပ်ပြီး လိုက်နာသင့်သည့်အချက်များ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ယာဉ်စည်းကမ်းဆိုင်ရာ မဖြစ်မနေလိုက်နာရမည့်အချက်များနှင့်ပတ်သက်၍ အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော YBS ယာဉ်မောင်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
“ ဒီဆွေးနွေးပွဲကတော့ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးနေတဲ့ YBS ယာဉ်မောင်းတွေအနေနဲ့ ယာဉ်လမ်း အန္တရာယ်နှင့်ပတ်သက်ပြီး ဘေးကင်းလုံခြုံစွာ မောင်းနှင်ဖို့ရယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိတဲ့ ယာဉ်မောင်းတွေဖြစ်ဖို့ရယ်၊ ရန်ကုန်မြို့တွင်းခရီးသွားပြည်သူတွေကို စိတ်ကျေနပ်မှု အပြည့်အဝပေးနိုင်တဲ့ ဘတ်စ်ကားဝန်ဆောင်မှုတစ်ခုဖြစ်လာစေဖို့အတွက် ပြုလုပ်တာဖြစ်ပါတယ်။ YBS ယာဉ်မောင်းတွေအနေနဲ့ ကိုယ်မောင်းတဲ့ ယာဉ်ပေါ်မှာစီးနှင်းလိုက်ပါလာတဲ့ ခရီးသည်တွေရဲ့ အသက်ပေါင်းများစွာ ကိုယ့်လက်ထဲမှာ ရှိတယ်ဆိုတာကို သိရှိနားလည်ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း မောင်းနှင်နိုင်အောင် ဒါတွေနဲ့ပတ်သက်ပြီးဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )မှ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်က ဆိုသည်။
ယနေ့ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုကြောင့် တစ်နှစ်လျှင်လူဦးရေ (၁.၃၅)သန်းကျော် သေဆုံးနေရပြီး တစ်ရက်လျှင် သေဆုံးနှုန်းပျမ်းမျှ (၃၇၀၀)ဦးခန့်ရှိရာ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က ယာဉ်တိုက်မှု (၆၄၂၀)မှုဖြစ်ပွားခဲ့ပြီး (၈၃၁၁)ဦးဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ(၃၁၅၈)ဦးအထိရှိပြီး ရန်ကုန်မြို့တွင်လည်း ၂၀၂၁ ခုနှစ်က ယာဉ်တိုက်မှု (၉၁၅)မှုဖြစ်ပွားခဲ့ပြီး (၉၁၅)ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ(၄၅၀)ဦးအထိရှိကြောင်း သိရသည်။
“ ဒီဆွေးနွေးပွဲကနေ ကိုယ်မသိသေးတဲ့ ယာဉ်လမ်းအန္တရာယ်နှင့်ပတ်သက်ပြီး အတွေ့အကြုံတွေ၊ ဗဟုသုတတွေများစွာရရှိပါတယ်။ ကိုယ်သိထားတဲ့ အကြောင်းအရာတွေအပေါ်မှာလည်း ဆွေးနွေးရင်းကနေ အသေးစိတ် ထပ်မံသိရှိခွင့်ရတဲ့အတွက် များစွာအကျိုးရှိတဲ့ ဆွေးနွေးပွဲတစ်ခုလို့ ပြောချင်ပါတယ်။ နောက်တစ်ခုက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလို့ပြောတဲ့နေရာမှာ ကျွန်တော်တို့ ယာဉ်မောင်းတဲ့သူတွေက ယာဉ်စည်းကမ်းကို တိတိကျကျ လိုက်နာရုံနဲ့ မရပါဘူး။ လမ်းအသုံးပြုသူတွေ အားလုံးကလည်း လမ်းစည်းကမ်းကို တိတိကျကျ လိုက်နာမှသာ ယာဉ်လမ်းအန္တရာယ် ကင်းရှင်းတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်လာနိုင်မှာပါ”ဟု YBS ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)အနေဖြင့် ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူတွေကို ဘေးကင်းလုံခြုံပြီး စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်တဲ့ မြို့တွင်းဘတ်စ်ကားဝန်ဆောင်မှုတစ်ခုဖြစ်လာစေရေးအတွက် YBS ယာဉ်လိုင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များဖြင့် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ CNG ပိတ်သိမ်းအရေးယူခံခဲ့ရသည့် ယာဉ်အစီးရေ(၅၈၀)စီးအထိရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC )မှ သတင်းရရှိပါသည်။
နိုင်လင်းအောင်(တာမွေ)