ထားဝယ် ဒီဇင်ဘာ ၂၆
၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြခန်းများ၊ စျေးရောင်းပွဲများ၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွင်ပွဲများ ပြုလုပ်ရန်နှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နှင့်ပတ်သက်ပြီး နိုင်ငံတော်အဆင့် နေပြည်တော်မှာလည်း ခမ်းနားစွာဖြင့် ကျင်းပမှာဖြစ်ပြီး တိုင်းဒေသကြီးရုံးစိုက်ရာ ထားဝယ်မြို့တွင်လည်း အလံတင်အခမ်းအနား၊ လွတ်လပ်ရေးနေ့ အခမ်းအနားများအပြင် ပြခန်းများအား တိုင်းဒေသကြီး၏ဂုဏ်သိက္ခာနှင့်အညီ သပ်ရပ်စွာ လုပ်ကိုင်ဆောင်ရွက်ရန်၊ ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်နှင့် လုံခြုံရေးအား ဂရုတစိုက်စီမံဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ စစ်ရေးပြနှင့်လုံခြုံရေး၊ ဖိတ်ကြားရေး ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ပြခန်းခင်းကျင်းပြသရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပို့ဆောင်ရေး၊ ဘဏ္ဍာရေး၊ အားကစားပြိုင်ပွဲများ ကျင်းပရေး၊ ကျန်းမာရေး စောင့်ရှောက်မှုစသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးများက ဌာနဆိုင်ရာပြခန်း(၁၃) ခန်းတွင် ခင်းကျင်းပြသမည့် နေရာများတွင် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)