မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာတွင် (Round Baler) ကောက်ရိုးထုံးစက်ဖြင့် တောင်သူပညာပေး သရုပ်ပြပွဲကျင်းပ

မိတ္ထီလာ ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ (Round Baler) ကောက်ရိုးထုံး စက်ဖြင့် တောင်သူပညာပေးသရုပ်ပြပွဲကို ယနေ့နံနက်က သီးကုန်းကျေးရွာ ကွင်းအမှတ် ၈၈၂၊ ဦးပိုင်အမှတ် ၁၈၆ ရှိ တောင်သူ ဦးအောင်မြိုင်၏ လယ်ကွက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ 

တောင်သူပညာပေးသရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်က စပါးရိတ်သိမ်းပြီးသော လယ်ကွက်များတွင် ကောက်ရိုးများအား ကျွဲ/နွား အစာ အပါအဝင် အသုံးပြုရန်အတွက် သိမ်းဆည်းနေရမှုအား စက်ကိရိယာအင်အား အသုံးပြုခြင်းဖြင့် လုပ်ငန်းအချိန် သက်သာခြင်း၊ နေရာပေးရမှုသက်သာခြင်းတို့ သိရှိစေရန်နှင့် တိုးတက်လာသော နည်းပညာအသစ်များအား တောင်သူများ လေ့လာနိုင်၍ သိရှိနားလည်စေရန် ရည်ရွယ်၍ Round Baler ကောက်ရိုးထုံးစက်ဖြင့် တောင်သူပညာပေးသရုပ်ပြပွဲကျင်းပရခြင်းဖြစ်ပါကြောင်း၊ Round Baler ကောက်ရိုးထုံးစက် အသုံးပြုခြင်းဖြင့် ကောက်ရိုးများ အမြန်သိမ်းဆည်းနိုင်၍ နောက်သီးနှံအား အချိန်မီ စိုက်ပျိုးနိုင်ခြင်း၊ ကောက်ရိုးထုံး များဖြစ်၍ အလွယ်တကူသိမ်းဆည်းသိုလှောင်နိုင်ခြင်း၊ ကောက်ရိုးများအား ကျစ်လစ်စွာ အထုံးပြုလုပ်ထား၍ သိမ်းဆည်းသိုလှောင်ရာတွင် နေရာယူမှု နည်းပါးခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ရာ Round Baler ကောက်ရိုးထုံးစက်နှင့် ပတ်သက်၍ သိလိုသည်များကို တက်ရောက်လာသည့် ဒေသခံ တောင်သူများနှင့် သင်တန်းသားများက မေးမြန်းရာ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက  ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါ Round Baler ကောက်ရိုးထုံးစက်ဖြင့် တောင်သူပညာပေးသရုပ်ပြပွဲကို စက်မှုလယ်ယာ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ခရိုင်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်မောင်မြင့်နှင့် ဝန်ထမ်းများ၊  ဒေသခံတောင်သူများ၊ လယ်ယာစက်ကိရိယာကျွမ်းကျင်မှု လက်မှတ်ရသင်တန်းမှ သင်တန်းသားများ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)