သီပေါ ဒီဇင်ဘာ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့၌ ၂၀၂၃ခုနှစ်၊ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရန်နှင့် ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ အခမ်းအနားကျင်းပရေးကော်မတီတွင် ပါဝင်သော ဌာနဆိုင်ရာများမှ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကြီးသန်းစိုးဦးနှင့် မြို့နယ်ရဲမှူး အောင်မြင့်မြတ်တို့မှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးအောင်စည်မှ အခမ်းအနား အပြင်အဆင် ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက ကျင်းပမည့်နေရာ၊ အသံချဲစက်များနှင့် ပတ်သက်၍လည်းကောင်း၊ လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာက အားကစားပြိုင်ပွဲများ ဆောင်ရွက်မည့် ကိစ္စများကိုလည်းကောင်းစသည်ဖြင့် ဖွဲ့စည်းထားသော ကော်မတီများမှ ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)