ပင်းတယမြို့နယ်၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ပင်းတယ ဒီဇင်ဘာ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့မှ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲအား ညောင်ကောက်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နိုင်ငံတော်အစိုးရ၏ ရှေးလုပ်ငန်းစဉ်များဖြစ်သည့် မူဝါဒများနှင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသည့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး​၊ မွေးမြူရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးလင်းရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့်ရရှိရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများ သိရှိနားလည် သဘောပေါက် စေရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပင်းတယမြို့နယ်ရဲတပ်ဖွဲ့၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် အခြားဌာနများမှ သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အသီးသီးချ​ပြရှင်းလင်းဆွေးနွေး ပြောကြားပေးရာ တက်ရောက် လာသည့် မိဘပြည်သူများ၏ သိရှိလိုသည်များ၊ တင်ပြချက်များအပေါ်သက်ဆိုင်ရာဌာနများမှ ပြန်လည် ရှင်းလင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပင်းတယ(ပြန်/ဆက်)