မန္တလေးတက္ကသိုလ်၌ (၂၀၂၂တက္ကသိုလ်ဝင်တန်းအောင်)ပထမနှစ် ကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပပြုလုပ်

မဟာအောင်မြေ   ဒီဇင်ဘာ   ၂၆

မန္တလေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်) ပထမနှစ် ကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက်သစ်လူတော်၊ လူကောင်းများဖြစ်အောင် ဆရာများက ပြုစုပျိုးထောင်ပေးလျက်ရှိပြီး ကျောင်းသား/သူများအနေဖြင့်လည်း အချိန်ကိုအကျိုးရှိစွာအသုံးချရန် လိုအပ်ကြောင်း၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းအောင် ဆောင်ရွက်ပေးနိုင်မှာသာ နိုင်ငံတော်အပေါ် သစ္စာရှိသော အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ vision (မျှော်မှန်းချက်) ရှိရမည်ဖြစ်ကြောင်း၊ mission(ရည်မှန်းချက်)လည်းထားရှိရမည်ဖြစ်ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် ရည်မှန်းချက်ထားမှသာလျှင် မိမိအနာဂတ်ဟာ လျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ အသီးသီးသင်ကြားသော ဘာသာရပ်များအား စိတ်ပါဝင်စားစွာ သင်ကြားသင့်ကြောင်း၊ ပညာရပ်တိုင်းသည် သူ့တန်ဖိုးနှင့်သူ တန်ဖိုးရှိကြောင်း၊ ပညာရပ်တိုင်းသည် အသစ်သစ်တွေ ထွက်ပေါ်နေသည့်အတွက် အခွင့်အရေးကို လက်လွတ်မဆုံးရှုံးအောင် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း၊ ယခုလိုပညာလာရောက် သင်ကြားတဲ့အတွက် ဂုဏ်ယူကြိုဆိုဝမ်းမြောက်မိပါကြောင်းစသည့် အကြောင်းအရာများ ပြောကြားပြီးနောက် မနုဿဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဆရာမကြီး ဒေါက်တာသီတာထွေးဝင်းမှ ဘာသာရပ်တိုင်းသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်မှုတွေရှိကြောင်း၊ မောင်တို့မယ်တို့အတွက် သင်ကြားရေးအရင်းအမြစ်တွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကိုယ်ကာယကျန်းမာဖို့အတွက် အားကစားလှုပ်ရှားမှုများတွင်လည်း ပါဝင်ဆောင်ရွက်သင့်ကြောင်း၊ ချစ်ခြင်းမေတ္တာတွေစုပေါင်းလုပ်ဆောင်မှသာလျှင် လူ့နယ်ပယ်မှာ အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့ကို ဆရာ၊ ဆရာမတို့အနေဖြင့် ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် ရုက္ခဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဆရာမကြီးဒေါက်တာကလျာလူမှလည်း ဘာသာရပ်ဆိုင်ရာများနှင့်ပတ်သက်၍ ဘာသာရပ်တိုင်းသည်အလွန်အရေးပါကြောင်း၊ ရုက္ခဗေဒဘာသာရပ်သည် ဝိဇ္ဇာနှင့်သိပ္ပံဘာသာရပ်ကို ဟန်ချက်ညီညီ လုပ်ဆောင်ပေးသောဘာသာရပ်ဖြစ်ကြောင်း၊ မောင်တို့၊ မယ်တို့ကို မန္တလေးတက္ကသိုလ်ကျောင်းတော်ကြီးမှ သင်ကြားနေသော ဆရာကြီး၊ ဆရာမကြီးများက အလွန်ပင်ဝမ်းမြောက်ဂုဏ်ယူကြိုဆိုပါကြောင်း အသီးသီးပြောကြားခဲ့ပြီး မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ထွန်းမှ တက်ရောက်ပညာသင်ကြားနေသော ဘာသာရပ်အသီးသီးမှ ကျောင်းသား/သူများအား ပါမောက္ခ(ဌာနမှူးများ) ရုံးဌာန(ဌာနမှူးများ)နှင့် မိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားအား မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာတင်ထွန်း၊ ဒု-ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာမောင်မောင်ဝင်း၊ ဒု-ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာ သုနန္ဒာ၊ ဒု-ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာနီနီအောင်၊ တွဲဖက်ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ ကွန်ပျူတာသိပ္ပံ ဌာနမှူးများ၊ မန္တလေးတက္ကသိုလ် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သင်ကြားစီမံ ဌာနပေါင်းစုံဝန်ထမ်းများ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း