လားရှိုး ဒီဇင်ဘာ ၂၆
(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့လေ့ကျင့်ရေးအားကစားရုံ၌ ယနေ့နံနက်(၉)နာရီအချိန်က အသက်(၃၅)နှစ်အထက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်(၄)ချက်ရွတ်ဆိုခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား တစ်ဦးချင်းလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းပြန်လည်ထွက်ခွာခဲ့ကြပြီး လားရှိုး ZYL Zumba အကအဖွဲ့နှင့် ပညာတန်ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက သရုပ်ဖော်အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများနှင့် သရုပ်ဖော်အကအဖွဲ့များအား တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်တက်ရောက်လာသူများက ဖွင့်ပွဲ ပွဲစဉ်အဖြစ် သံလွင် FC နှင့် SUNDAY FC တို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ အသက်(၃၅)နှစ်အထက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲသို့ အသင်း(၁၀)သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဆုရရှိသောအသင်းများအား (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး