တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်

ထားဝယ် ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသားအားကစားပြိုင်ပွဲ (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ (အမျိုးသား)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲသို့တက်ရောက်လာသည့် သရက်ချောင်းမြို့နယ်အသင်းနှင့် ထားဝယ်မြို့နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ နှစ်ဖက်အသင်း(၁)ဂိုး(၁)ဂိုးဖြင့် သရေရရှိပြီး ပယ်နယ်တီအဆုံးအဖြတ်ဖြင့် သရက်ချောင်းမြို့နယ်အသင်းက အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးဝင်းနောင်က ပွဲစဉ်တစ်လျှောက်ကူညီဆောင်ရွက်ပေးသော ကြက်ခြေတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ချိုက အမျိုးသမီး ပြေး/ခုန်/ပစ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးအုန်းသန်းက အမျိုးသားပြေး / ခုန်/ ပစ် ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် ရေဖြူမြို့နယ်အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် ရေဖြူမြို့နယ်အသင်းတို့အားလည်းကောင်း၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ထားဝယ်မြို့နယ်အသင်းနှင့် ပထမဆုရရှိသည့် သရက်ချောင်းမြို့နယ်အသင်းတို့အား တစ်ဦးချင်းဆုနှင့် ငွေသားဆုပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲများတွင် ပထမဆုရရှိသည့် အသင်းများအား တံခွန်စိုက်ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)