၁၉၆၈ ခုနှစ်မှ ၁၉၇၂ ကာလ တာဝန်ထမ်းဆောင်ခဲ့သော ဆရာကြီး၊ ဆရာမကြီးများ ပူဇော်ကန်တော့ပွဲနှင့် ကျောင်းသား ကျောင်းသူများတွေ့ဆုံပွဲကျင်းပ

ကော့မှူး ဒီဇင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် အ.ထ.ကတွင် ၁၉၆၈ ခုနှစ်မှ ၁၉၇၂ ခုနှစ် ကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသော ကျောင်းအုပ်ဆရာကြီး ဦးတင်မြင့်နှင့် အထက်တန်း(ပြ)ဆရာမကြီးဖြစ်ကြသော ဆရာမကြီး ဒေါ်စောမြတင်၊ ဆရာမကြီးဒေါ်နုနုနှင့် ဆရာမကြီးဒေါ်ခင်ခင်တို့အား ကျောင်းသား ကျောင်းသူများမှ ပူဇော်ကန်တော့ခြင်းနှင့် ကျောင်းသား/ကျောင်းသူများ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က (အ.ထ.က)ကျောင်းဟောင်းနေရာဖြစ်သော ပြည်တော်သာ(အ.မ.ကမူလွန်)ကျောင်း စိန်ရတနာခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကန်တော့ခံကျောင်အုပ်ဆရာကြီး ဦးတင်မြင့် အသက်(၉၀)နှစ်အား ကျောင်းသား/ကျောင်းသူဟောင်းများက ဦးစွာကန်တော့ကြပြီး‌ ကျောင်းအုပ်ဆရာကြီးက ဆုံးမဩဝါဒဆုတောင်းစကားများ ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူဟောင်းများက‌တစ်ဦးခြင်းငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်းခဲ့ပြီး စုပေါင်းလှူဒါန်းငွေများအား ခွဲဝေလှူဒါန်းခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော ကန်‌တော့ခံကျောင်းအုပ်ဆရာကြီး ဦးတင်မြင့်နှင့် ကျောင်းသား ကျောင်းသူဟောင်းများကို ဆရာကြီး/ဆရာမကြီးတို့၏တပည့်များဖြစ်သော ကိုခင်ဇော်+မစန်းဌေးဇနီးမောင်နှံတို့မှ မင်္ဂလာသက်တမ်းနှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် နံနက်စာအဟာရထမင်းဟင်းများဖြင့် အမှတ်တရဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

ကျော်သူရ