ပြင်ဦးလွင် ဒီဇင်ဘာ ၂၆
ကျောင်းစာကြည့်တိုက်များသည် ကျောင်းသား ကျောင်းသူများအတွက် စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများ လေ့ကျင့်ပျိုးထောင်ပေးသည့်နေရာဖြစ်သည့်အတွက် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲအား ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးအနေဖြင့် စာကြည့်တိုက်ပြုစုပျိုးထောင်ခြင်း၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများအကြောင်းနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုအကြောင်းများအား ဦးဆောင်ဆွေးနွေးပြီးတက်ရောက်လာသည့် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာန အ.ထ.က ၊ အ.ထ.က (ခွဲ)၊ အ.လ.က ကျောင်းများမှ ဆရာမများက မိမိတို့ကျောင်းစာကြည့်တိုက်တွင် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲသို့ ပြင်ဦးလွင်မြို့နယ်၊ အခြေခံပညာဦးစီးဌာန ၊ အ.ထ.က ၊ အ.ထ.က( ခွဲ)၊ အ.လ.က ကျောင်း (၁၁) ကျောင်းတို့မှ ဆရာမ (၂၅) ဦးက ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖြူလူသစ်