မိုင်းယုဒေသ၌ စီးပွားဖြစ် ဆောင်းသီးနှံ ရွှေဖရုံများ အောင်မြင်ဖြစ်ထွန်း

မိုင်းယု ဒီဇင်ဘာ  ၂၆ 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့တွင် ဒေသခံတောင်သူများ အောက်တိုဘာလဆန်းပိုင်းက စတင်စိုက်ပျိုးထားသည့် စီးပွားဖြစ် ရွှေဖရုံများ အောင်မြင်ဖြစ်ထွန်းနေလျက်ရှိသည်။

ရွှေဖရုံပင်၏ အသက်ရက် (၁၀ဝ) မှ (၁၂၀)အထိ ရှိသောကြောင်း သက်တမ်း(၄)လအတွင်း ဆီးနှင်းကင်းသောအရပ်ဒေသတွင် စိုက်ပျိုးရန် ပိုကောင်းပြီး နွားချေးမြေသြဇာ တစ်ဧကလျှင် တန် (၂၀)မှ တန်(၃၀)အထိ ထည့်ပေးရန်လိုအပ်ကာ ကျန်ယူရီးယားဓါတ်မြေသြဇာကို ရွှေဖရုံပင်များ ပန်းစပွင့်ချိန် ရွှေဖရုံခင်းအတွင်း ပက်ကြဲပေးရကြောင်း၊ ရွှေဖရုံကို မိုင်းယုဒေသတွင် မိုးဦးတွင် မေလနှင့်ဇွန်လ၊ ဆောင်းရာသီတွင် အောက်တိုဘာနှင့် နိုဝင်ဘာလတို့၌ စိုက်ပျိုးလျက်ရှိပြီး ယခုအခါ အဆိုပါ ရွှေဖရုံပင်များမှာ အပွင့်များပွင့်၍ အသီးကင်းများစတင် သီးနေလျက်ရှိကြကြောင်း တောင်သူထံမှ သိရသည်။

ရွှေဖရုံကို မြေဆီသြဇာ ထက်သန်သည့် မြေကို ကြိုက်နှစ်သက်၍ နုန်းဆန်သော မြေဆီ မြေနီသဲဝန်း၊ နုန်းစနယ်မြေများ ရှိသည့် ဒွန်းနွဲ့ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာအုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုရှိသည့် စိုက်ပျိုးမြေနေရာများတွင် အများဆုံး စိုက်ပျိုးလျက်ရှိကြောင်းနှင့် ယခင်နှစ်စိုက်ဧကမှာ ၁၇၅ ဧကရှိပြီး ပေါက်ဈေးမှာ တစ်ကီလိုလျင် ကျပ်(၂၀၀) ပေါက်ဈေးရရှိပါကြောင်းနှင့် ယခုနှစ်တွင်လည်း  ဧကများစွာ စိုက်ပျိုးထားကြကြောင်း သိရသည်။

ကိုကိုနိုင်