ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ခရစ္စမတ်အခါသမယတွင် ဘားအံသာသနာနယ်ဂိုဏ်းအုပ် ဆရာတော်အား ဂါရဝပြုတွေ့ဆုံ၍ ခရစ္စမတ်အထိမ်းအမှတ် လက်ဆောင်များပေးအပ်

ဘားအံ ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ခရစ်ယာန်ဘာသာဝင်များနှင့် ပြည်နယ်သူ၊ ပြည်နယ်သားများ အားလုံး ခရစ္စမတ်အခါသမယတွင် ငြိမ်းချမ်းခြင်း၊ တည်ငြိမ်ခြင်း၊ သာယာ ဝပြောခြင်းများနှင့် ပြီးပြည့်စုံ၍ ခရစ်တော်၏ မေတ္တာတရားနှင့် ငြိမ်းချမ်းသာယာရှိကြပါစေကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့) နံနက် ၁၁ နာရီခန့်က ဘားအံမြို့ စိန့်ဖရန့်စစ်ဇေးဗီးယဲ ကတ်သလစ်ဘုရားရှိခိုး ကျောင်း ဘားအံသာသနာနယ် ဂိုဏ်းအုပ်ဆရာတော် ဂျပ်စတင်းစောမင်းသိုက်နှင့် ဘုန်းတော်ကြီးများအား ဂါရဝပြုတွေ့ဆုံစဉ် ပြောကြား သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ခရစ်တော်မွေးနေ့တွင် ဂုဏ်တော် (ကျေးဇူးတော်)ကို ချီးမွမ်းသောအားဖြင့် သွားရောက်တွေ့ဆုံခြင်းဖြစ်ပြီး လက်ထောက်ဆရာတော် ကအဖွင့်ဆုတောင်းစကား ပြောကြားကာ ဂိုဏ်းအုပ်ဆရာတော်ဂျပ်စတင်း စောမင်းသိုက်က ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့အား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ခရစ္စမတ်နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ကရင်ပြည်နယ် အတွင်း ကရင်၊ ဗမာ၊ မွန်၊ ပအိုဝ်း၊ ရှမ်း အစရှိသည့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများမှ ကိုးကွယ်ယုံကြည်ရာဘာသာ အမျိုးမျိုးကို လွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားပြီး တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ညီအစ်ကိုမောင်နှမ များ သဖွယ်ချစ်ချစ်ခင်ခင်စည်းစည်းလုံးလုံးဖြင့် နေထိုင် သွားကြရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းသာယာဝပြော သော မေတ္တာတရားထုံလွမ်းသော လူ့ဘောင် လောကကို တည်ဆောက်သွားကြရမည် ဖြစ်ပြီး ယဉ်ကျေးလိမ္မာ သော လူ့အသိုင်းအဝိုင်း ဖြစ်အောင် ဆရာတော်ကြီးများကလည်း  ဘာသာတရား၏ အဆုံအမဖြင့် ကူညီပေးကြရန်မေတ္တာရပ်ခံလိုပါ ကြောင်း၊ ခရစ်ယာန်ဘာသာဝင်များ၏ ထူးကဲကြီးမြတ်သော နေ့ထူးနေ့မြတ် ဘုရားရှင်မွေးနေ့ (ခရစ္စမတ်နေ့)နှင့်အတူ ပြည်သူအားလုံး စိတ်အေးချမ်းသာရှိကြပါစေကြောင်း ထည့်သွင်းပြော ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဘားအံသာသနာနယ် ဂိုဏ်းအုပ်ဆရာတော် ဂျပ်စတင်း စောမင်းသိုက်နှင့် ဘုန်းတော်ကြီးများအား ခရစ္စမတ်အမှတ်တရလက်ဆောင်များနှင့် အလှူငွေကျပ် ၁၀ သိန်းကို ပေးအပ်ရာ ဂိုဏ်းအုပ်ဆရာတော်မှ ခရစ္စမတ်အထိမ်းအမှတ်လက်ဆောင်များ ပြန်လည် ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဂိုဏ်းအုပ်ဆရာတော်နှင် ဘုန်းတော်ကြီးများ တည်ခင်းဧည့်ခံသည့် မိတ်သဟာယနေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)