ထားဝယ် ဒီဇင်ဘာ ၂၅
ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာဝင်းအတွင်း ခရစ္စမတ်ညစာစားပွဲ ကို ယမန်နေ့ညနေ ၆ နာရီအချိန်က ကျင်းပရာရှေးဦးစွာ မြန်မာနှစ်ခြင်းအသင်းတော် ဆရာကူးကူးက အဖွင့်ဆုတောင်းမေတ္တာပို့သခဲ့သည်။
ညစာစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့သည်မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ကြောင်း၊ မည်သည့် ဘာသာမဆိုကောင်းတာလုပ်ပါက ဝိုင်းဝန်းပြီးကူညီအားပေးရမှာဖြစ်ပြီး စုပေါင်း၍လည်း ပျှော်ရွှင်ရမှာဖြစ်ကြောင်း၊ ညစာစားပွဲသို့တက်ရောက်လာသူများအနေဖြင့် ပျှော်ရွှင် ချမ်းမြေ့ပါစေကြောင်းဆုတောင်းမေတ္တာပို့သပြီး ခရစ္စမတ် အမှတ်တရလက်ဆောင်များအား အပြန်အလှန်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ဆရာဦးသန်းလှိုင်က ခရစ်စမတ် အဓိပ္ပာယ်အားရှင်းလင်းပြောကြားပြီး ကရင်နှစ်ခြင်း ကျမ်းစာသင်ကျောင်းမှ ခရစ်စမတ်ဓမ္မသီချင်း၊ နန်းအဲလိဇဘက်က ထူးခြားသောခရစ်စမတ် သီချင်း၊ Grace မိသားစု က နှင်းစက်သီချင်းနှင့် ကယ်တင်ရှင် မေရှိယ သီချင်း တို့ဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ကက်သလစ်အသင်းတော်မှ ဖာသာဂျိုးဇက်သိန်းခင်က နှုတ်ကပတ်တော်အားဟော ပြောပြီးမြို့သစ်အသင်း တော်ဆရာဦးဇွန်ဇာခိုင်က ကျေးဇူးတင်စကားပြောကြား၍ Grace မိသားစုက ခရစ္စမတ် အကသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ကရင်နှစ်ခြင်းအသင်းတော်မှ သိက္ခာတော်ရစောစန်း လှိုင်လူးက ကောင်းချီးပေးဆုတောင်းစကားပြောကြားသည်။
ယင်းနောက် ကရင်နှစ်ခြင်းအသင်းတော်မှ ဆရာဦးထွန်းဦးက အစားအသောက်များအတွက် ဆုတောင်းပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဘာသာပေါင်းစုံမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကရင်မိသားစုဝင်များနှင့် ဖိတ်ကြားထားသူများအား အစား အသောက်များဖြင့် တည်ခင်းဧည့်ခံ၍ သီဆိုဖျော်ဖြေသူများအား တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)