ရပ်စောက် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀) နာရီက တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ် ကြောင်း သိရသည်။
Talk Show အစီအစဉ်ကို ရပ်စောက်မြို့ အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းပြ (ငြိမ်း) ဆရာမကြီး ဒေါ်ကြည်ဌေးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်စုစုလှိုင်တို့က ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စုစုလှိုင်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ရပ်စောက်မြို့နယ်မှ Book Club အဖွဲ့ဝင် ဒေါ်ကြည်ဌေးက မြန်မာပြည်လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံ၊ လွတ်လပ်ရေးဆုံးရှုံးပြီး နောက် မြန်မာတိုင်းရင်းသားတွေ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ရပုံ၊ လွတ်လပ်ရေး၏ တန်ဖိုး သည် လွန်စွာကြီးမားပုံ၊ ၁၈၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန္တပိုစာချုပ်နှင့် အင်္ဂလိပ်တို့က ရခိုင်-တနင်္သာရီဒေသများကို မတရားသိမ်းယူခဲ့ ကြပုံ၊ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့က လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြပုံများ၊ မြန်မာနိုင်ငံသည် လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့ရပုံ အဆင့်ဆင့်တို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)