မိုင်းနောင် ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါပြပွဲကို မြို့အတွင်းရှိဌာနဆိုင်ရာများ၊ စာပေဝါသနာရှင်များနှင့် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာအုပ်၊ စာစောင်များ ရှာဖွေဖတ်ရှု လေ့လာခြင်းဖြင့် စာဖတ်ရှိန်မြင့်မား၍ စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန် မိမိတို့သိသင့်သိထိုက်သော နေ့ကြီးရက်ကြီးများ၏ သမိုင်းကြောင်းကို သိရှိစေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပြုလုပ်ပေးခြင်းဖြစ်သည်။
အဆိုပါ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတွင် လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သမိုင်းကြောင်းများ၊ ဗိုလ်ချုပ်၏ အမှတ်တရစကားများ၊ လွတ်လပ်ရေးနေ့ ဂုဏ်ပြုဆောင်းပါးများနှင့် ဆုရကဗျာများ အပတ်စဉ်ထုတ် ဂျာနယ်များ၊ စာဖတ်ပရိသတ်များ ကြိုက်နှစ်သက်သည့် သုတ/ရသစာအုပ်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ကျန်းမာရေး အသိပညာပေးစာစောင်များ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး စာစောင်များ၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ ဆောင်ရွက်ထားရှိကာ ပြသထားသော စာအုပ်၊ စာစောင်များကို လာရောက်လေ့လာသူစာပေချစ်သူများက ဖတ်ရှုငှားရမ်းကြကြောင်း သိရသည်။
မနန်း(မိုင်းနောင်)