လွိုင်လင် ဒီဇင်ဘာ ၂၅
ဥပဒေနှင့်အညီနေထိုင်သူစာရင်းများကို Cross Check ပြုလုပ်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါရှင်းလင်းပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးသန်းစိုးက ရှင်းလင်းပြောကြားရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအား ကျင်းပပေးမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် လွတ်လပ်ပြီးဥပဒေနှင့်အညီ မဲပေးနိုင်ရန်ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးနှင့် မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၂ မေလအတွင်းဆောင်ရွက်ခဲ့ပြီး ရရှိလာသော စာရင်းများအပေါ် အခြေခံ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ လစဉ် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ရှမ်းပြည်နယ်အတွင်း ဥပဒေနှင့်အညီနေထိုင်သည့် လူဦးရေစာရင်းကို မြို့နယ်တစ်ခုနှင့်တစ်ခု အပြန်အလှန်တိုက်ဆိုင်စစ်ဆေးခြင်း (Cross Check) စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တွေ့ရှိလာသော (၂/၃/၄/၅)ကြိမ်ထပ် မဲဆန္ဒရှင်စာရင်းများရှိကြောင်း၊ ယင်းစာရင်းများမှန်ကန်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ စိစစ်၍ အမြန်ဆုံးပြီးစီးနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားပြီးနောက် ဆောင်ရွက်ရမည့်နည်းလမ်းများကို (Power Point) ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
၎င်းနောက် လွိုင်လင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထူးအောင်က ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး လွိုင်လင်မြို့နယ် ရပ်ကွက်(၂)ခုမှ နိုင်ငံသားစိစစ်ရေးကတ်ပြားထပ်နေသူ၊ လဝကပုံစံ(၆၆)အထစ ထပ်နေသူများအား စိစစ်ခြင်းကို လက်တွေ့ဆောင်ရွက်ကြသည်။ ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ လွိုင်လင်ခရိုင်နှင့် နမ့်စန်ခရိုင် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား(၃၅)ဦးတက်ရောက်ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်