ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများနှင့်တွေ့ဆုံဆွေးနွေး

ပိုင်ကျုံ  ဒီဇင်ဘာ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များ ယမန်နေ့က ပိုင်ကျုံမြို့ ဒေါ်လန်းကျေးရွာစုနှင့် ပတကျေးရွာအုပ်စုအတွင်းရှိ  ဒေသနေပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဝင်းသန်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမားရေးကိစ္စရပ်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသခံပြည်သူများတွေ့ဆုံခြင်းဖြစ်ကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် အများအကျိုးအတွက် အကျိုးပြုမည့်လုပ်ငန်းများရှိပါက ဆွေးနွေးတင်ပြရန် အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းထွန်းမှ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ကိစ္စရပ်များကိုလည်းကောင်း၊ အဖွဲ့ဝင်(၂)ဖြစ်သည့် ဦးသိန်းဇော်က ပညာရေးနှင့် ကျန်းမာရေးကိစ္စများကို လည်းကောင်း၊ အဖွဲ့ဝင်(၃)ဖြစ်သည့် ဦးဝင်းနိုင်ဦးက အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၏ ဆောင်ရွက်ချက်များကိုလည်း ကောင်း၊ လှိုင်းဘွဲမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက ဒေသနေပြည်သူများအနေဖြင့် ဥပဒေရေးရာနှင့် ပတ်သက်သည့် အကူအညီများ လိုအပ်ပါက အကူအညီတောင်းဆိုနိုင်ကြောင်း၊ အကူအညီ တောင်းခံရာတွင် အခကြေးငွေ ပေးဆောင်စရာမလိုဘဲ အခမဲ့ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားပြီးနောက် တက်ရောက်လာကြသည့် ပြည်သူများအနေဖြင့် မိမိကျေးရွာ၏ လိုအပ်ချက်များ တင်ပြဆွေးနွေးပြီး သက်ဆိုင်ရာဌာများမှ ပြန်လည်ဖြေကြား ဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဝင်းသန်းနှင့် အဖွဲ့ဝင်များက လှိုင်းဘွဲမြို့နယ်အတွင်းရှိ ပိုင်ကျုံမြို့၊ ရှမ်းရွာသစ်မြို့နှင့် လှိုင်းဘွဲမြို့တို့တွင် အလှည့်ကျဖြင့် အပတ်စဉ်စနေနေ့တွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)