နောင်ချို ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄၀) ဦးတို့အတွက် ဆွမ်းဆန်တော်နှင့်ဟင်းချက်စရာများကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အင်းဖိုအုပ်စု၊ အင်းဖိုကျောင်းဆရာတော်အား အမှူးထား၍ အင်းဖိုကျေးရွာ ဒါယကာ၊ ဒါယိကာမ မိသားစုများက ဆွမ်းဆန်တော်(၈) အိတ်နှင့်ဟင်းချက်စရာများကို ဆက်ကပ်လှူဒါန်းခဲ့ရာ သဖန်းကိုင်းဆရာတော်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သံဃာတော်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄၀)ဦးရှိပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ်ကြီးကြပ် စောင့်ရှောက်ပေးလျက်ရှိသည့်အပြင် အခမဲ့ကွန်ပျူတာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် အာယုဒါန(အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)