ပုဇွန်တောင် ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ် သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေးအတွက် စည်ပင်သာယာ ဝန်ထမ်းများက အဖွဲ့များခွဲကာ အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက် လျက်ရှိသည်။ ထို့အပြင် ဈေးအသီးသီးနှင့် လမ်းဘေးရောင်းချနေသော ဈေးသည်များ စည်းကမ်းစနစ်တကျရှိစွာ ရောင်းချရေး၊ လမ်းဘေးစျေးသည် မရှိစေရေး၊ လမ်းဆုံမီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများ မရှိစေရေးနှင့် ဘတ်စ်ကားမှတ်တိုင် များတွင် စျေးသည်မရှိစေရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်စည်ပင်သာယာ လက်ထောက် အုပ်ချုပ်ရေးမှူး ဦးဆန်းအောင် ဦးဆောင်၍ ဝန်ထမ်းများဖြင့် မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများ၊ မီးပွိုင့်များ၊ ကားမှတ်တိုင်များနှင့် ဈေးများတွင် လှည့်ရှင်းရပ်ကင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျရှိစေရေး၊ ကိုဗစ်ရောဂါ ပြန့်ပွားမှုမရှိစေရေး တို့အတွက် ဆောင်ရွက်သည့်လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် လက်ထောက်အုပ်ချုပ်ရေးမှူးတို့မှ နေ့စဉ်အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်