သီပေါ ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ မြို့နယ် (Working Group) မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်(Working Group)မြေပြင် ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးထွန်းက ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်ပေးနေမှုအခြေအနေ၊ အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်း ကောက်ယူရေးတို့နှင့် ပတ်သက်၍ ဖွဲ့စည်းထားသော ကော်မတီတွင် ပါဝင်သော ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများ အောင်မြင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ပေးစေလို ကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်(Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီအဆင့်အဆင့် ဖွဲ့စည်းထားရှိမှုနှင့် Working Group ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ပို့ချပေးမည့် အခြေအနေ၊ မသန်စွမ်းသူများအား စာရင်း ကောက်ယူမည့် အခြေအနေတို့နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြရာ အစည်းအဝေး တက်ရောက်လာကြသူ များက စာရင်းကောက်ယူရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါ မြို့နယ်(Working Group) မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကော်မတီအဖွဲ့ဝင် (၁၈)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)