ဘားအံ ဒီဇင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ရပ်ကွက်နေ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်ခန့် က အမှတ်(၂)ရပ်ကွက် အမိတာရာမ ရဲကျောင်း၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်က အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှ ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းထိုးနှံကြစေလိုကြောင်း၊ ဘားအံမြို့နယ်အား ခရီးသွားမြို့တော်အဖြစ် ဆောင်ရွက် လျက်ရှိရာ မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ် သော ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး အိမ်ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှု များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိုက်အောင်က နယ်မြေလုံခြုံရေးနှင့် မှုခင်းကျဆင်းရေး ကိစ္စများ ကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စစ်ကြောင်းကြီး (၅)ကြောင်းတွင် ပါဝင်သော ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ဌာနအလိုက် ဆောင်ရွက်ပေး နေသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသော ရပ်ကွက်နေ ပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)