လှိုင်းဘွဲ ဒီဇင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ဒေါ်လန်းကျေးရွာအုပ်စု၊ ဒေါ်လန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံခန်းမ၌ ကျေးရွာနေပြည်သူများနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့ စုပေါင်းတွေ့ဆုံကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့ကြသည်။
မြို့နယ်အဆင့် ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်းနှင့် ပြည်သူများတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက ဌာနဆိုင်ရာစစ်ကြောင်းကြီး(၅)ကြောင်း ဖွဲ့စည်းပုံအဖြင့်ပါဝင်ကြသည့် အုပ်ချုပ်ရေးစစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးစစ်ကြောင်း၊ ကာကွယ်ရေးစစ်ကြောင်း၊ ပညာရေးစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်းများတွင် ပါဝင်ကြသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများကိုမိတ်ဆက်ပေးခဲ့ပြီး မိမိတို့ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက် လိုအပ်သည်များ၊ ကုန်ထုတ်လုပ်ရေးအတွက်လိုအပ်သည့် လမ်း၊ တံတားများကို ရင်းနှီးပွင့်လင်းစွာဖြင့် ဆွေးနွေးတင်ပြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးသိန်းထွန်းက နယ်မြေတွင်း တရာဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းတည်ငြိမ်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်များကို ကြိုတင်ကာကွယ်ကြရမည့် နည်းလမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) မြို့နယ်ကိုယ်စားလှယ် ဦးသိန်းဇော်က ပြည်သူများကျန်းမာရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိုးခြင်းလုပ်ငန်းများတွင် ကျန်းမာရေးဌာနကို ကူညီသည့်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကိုင်ဆောင်သူများမှ သတိပြုလိုက်နာရမည့်အချက်များ၊ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်များအကြောင်းကို ဆွေးနွေးရှင်းပြခဲ့သည်။
ဆက်လက်ပြီး ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြို့နယ် လယ်ယာစီးပွားရေးဘဏ်၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ရုံး၊ မြို့နယ်မွေး/ကုဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ခံတို့က ကျေးရွာနေပြည်သူများမှ တင်ပြဆွေးနွေးခဲ့ကြသည့် ကျေးရွာအုပ်စုအတွက်အစိုးရ၏ လျှပ်စစ်မီတာတပ်ဆင် အသုံးပြုနိုင်ရေး၊ ကျေးလက်ကျန်းမာရေးဆေးပေးခန်း၌ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၅)နှစ်အောက်ကလေးငယ်များ လစဉ်ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ကွင်းဆင်းထိုးနှံပေးစေလိုကြောင်း၊ ကျေးရွာချင်းဆက်လမ်းဖောက်လုပ်ပေးလိုကြောင်း၊ ကျေးရွာအတွက် ရေဘေးရှောင် ဆိုင်ကလုန်း (Shelter) ဆောက်လုပ်နိုင်ရန် မြေနေရာရွေးချယ်နိုင်ရေး၊ ကျေးရွာတွင်း စာသင်ကျောင်းမြေသားလမ်းအား ကွန်ကရစ်လမ်း အဆင့်မြင့်တင်ပေးစေလိုကြောင်း၊ အခြေခံပညာကျောင်းများအတွက် ဆရာ၊ဆရာမ လိုအပ်ချက်များစသည့် တင်ပြချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ခံများက ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့် နည်းလမ်းများကို ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြပြီး ကျေးရွာလူထုမှတင်ပြခဲ့သော မြေနေရာနှင့် လမ်း၊ တံတားတည်ဆောက်ပေးစေလိုသည့်နေရာများကို ကွင်းဆင်းကြည့်ရှုပေးခဲ့ကြကြောင်း သိရှိရသည်။
လင်းသန့်(ပြန်/ဆက်)