တာချီလိတ်မြို့၌ ကွန်ကရစ်လမ်းအဆင့်မြှင်တင်ခြင်းနှင့် အုတ်စီရေမြောင်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

တာချီလိတ် ဒီဇင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်၊ လေယာဉ်ကွင်းသွားလမ်း အရှည် (၅၀၀၀)ပေ၊ အကျယ် (၃၆)ပေ၊ ထု(၁၀)လက်မ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းနှင့် အုတ်စီ ရေမြောင်း အရှည်(၂၄၅၇)ပေ၊ အကျယ်(၃)ပေ နှင့် အမြင့်(၃.၆)ပေ ဆောင်ရွက်နေမှုကို ဒီဇင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူတို့ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆေခမ်းလေယာဉ်ကွင်းသွားလမ်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၏ ဦးဆောင်မှုဖြင့်  Robust Friendly Market Company က လှူဒါန်းဆောင်ရွက် ပေးခြင်းဖြစ်ပြီး ကျပ်(၁၈၄၀)သန်းကုန်ကျမည်ဖြစ်ကြောင်း၊ အုတ်စီရေမြောင်း ဆောင်ရွက်ခြင်းကို မြို့နယ်စည်ပင် သာယာရေးဌာန၊ ဖြည့်စွက်ရန်ပုံငွေနှင့် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၂၂၇.၉၁၄)သန်းဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ မတ်လအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းနှင့် အုတ်စီရေမြောင်းဆောင်ရွက်နေမှုလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အချိန်မီပြီးစီးရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးရာ မြို့နယ်စည်ပင်သာရေးဌာန၊ အမှုဆောင်အရာရှိ ဦးခွန်ဇော်ဦး၊ တာဝန်ခံအင်ဂျင်နီယာနှင့် ကုမ္ပဏီမှ တာဝန်ရှိသူတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)