“တူယှဉ်နွှဲပျော် ဂီတပွဲတော်” သီချင်းဆိုပြိုင်ပွဲ Season-2 ပွဲစဉ်(၁၇) ဒုတိယအဆင့် (Level -2) ပြိုင်ပွဲကို မြန်မာ့ရုပ်မြင်သံကြား၌ ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂၅

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် "တူယှဉ်နွှဲပျော် ဂီတပွဲတော်" Season-2 သီချင်းဆိုပြိုင်ပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် စက်တင်ဘာ ၂ ရက်မှ စတင်ပြီး ပွဲစဉ် ၁၈ ပွဲဖြင့် အပတ်စဉ် သောကြာနေ့ညတိုင်း ကျင်းပလျက်ရှိရာ ဒီဇင်ဘာ ၃၀ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲများတွင် အကဲဖြတ်ဒိုင်များအဖြစ် ထပ်ဆင့်အကယ်ဒမီ ချိုပြုံး၊ စန္ဒရားမျိုးနိုင်နှင့် တေးသံရှင်ခိုင်ဝါတို့က လည်းကောင်း၊ သရုပ်ဆောင်/တေးသံရှင်များ ဖြစ်ကြသည့် ဝေလျှံနှင့် သဉ္ဇာမြင့်မိုရ်တို့က အစီအစဉ်တင်ဆက်သူများ အဖြစ်လည်းကောင်း ဆက်လက်ဆောင်ရွက်ကြမည်ဖြစ်သည်။

ယင်းပြိုင်ပွဲသို့ နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ရွေးချယ်ထားသည့် ပြိုင်ပွဲဝင် သုံးဦးစီဖြင့် စုစုပေါင်း ၄၅ ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာမှ ပြိုင်ပွဲဝင် ၁၀ ဦးကို ပြိုင်ပွဲ၏ ဒုတိယအဆင့် (Level-2)တွင် ယှဉ်ပြိုင်ရန် ဦးစွာရွေးချယ်ခဲ့ပြီး ဆက်လက်ယှဉ်ပြိုင်ရွေးချယ်ခဲ့ရာ ပြိုင်ပွဲဝင်ခြောက်ဦး ပေါ်ထွက်လာပြီဖြစ်၍ ပွဲစဉ်(၁၇)အား ဒီဇင်ဘာ ၂၃ ရက် သောကြာနေ့ညတွင် ပြဋ္ဌာန်းတေးသီချင်းနှင့် စိတ်ကြိုက်တေးသီချင်းသီဆိုမှုဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ Result Show ကိုလည်း တစ်ဆက်တည်း ကျင်းပပြီး MRTV - HD မှ တိုက်ရိုက် Live ရိုက်ကူးထုတ်လွှင့် သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲ၏ ဒုတိယအဆင့် (Level-2)မှစ၍ အကဲဖြတ်ဒိုင်များ၏ အမှတ်ပေးမှု ၃၀ ရာခိုင်နှုန်းနှင့် ပရိသတ်များ၏ SMS Voting ဖြင့်ပေးပို့မှ ၇၀ ရာခိုင်နှုန်း သတ်မှတ်ထားရှိရာ ပရိသတ်များအနေဖြင့် ပြိုင်ပွဲဝင်များဖြစ်ကြသော ရန်ကုန်တိုင်း ဒေသကြီးမှ ထွန်းပပအောင် (MF03)၊ ပဲခူးတိုင်းဒေသကြီးမှ လျှမ်းထက်ကို (MF05)။ ကရင်ပြည်နယ်မှ ချိုသဲဦး (MFO6)၊ ကချင်ပြည်နယ်မှ လလဆွတ်(MF07)၊ နေပြည်တော်မှ ပူတူး (MF09) နှင့် ဧရာဝတီတိုင်း ဒေသကြီးမှ စိုးထက်အောင် (MF10)တို့ကို ပြည်တွင်းတယ်လီဖုန်း Operator များမှတစ်ဆင့် Code No 7575 သို့ပြိုင်ပွဲဝင်၏ MF နံပါတ်ကိုရိုက်နှိပ်၍ ပထမဆုံးပြိုင်ပွဲဝင် စတင်သီဆိုချိန်မှ နောက်ဆုံးပြိုင်ပွဲဝင်သီဆိုပြီးချိန်အထိ SMS အရေအတွက် အကန့်အသတ်မရှိပေးပို့ ကြရာ၊ ရန်ကုန်တိုင်းဒေသကြီးမှ ထွန်းပပအောင်(MF03)၊ နေပြည်တော်မှပူတူး (MF09) နှင့် ဧရာဝတီတိုင်းဒေသကြီးမှ စိုးထက်အောင် (MF10) တို့(၃)ဦးသည်ပြိုင်ပွဲ၏ Grand Final ပွဲစဉ်သို့ တက်လှမ်းသွားကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ဒီဇင်ဘာ ၂၅ ရက် (တနင်္ဂနွေနေ့) နံနက်၁၀ နာရီခန့်တွင် ပြန်လည် ပြသမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)