စားသုံးဆီဖူလုံရေး ဆောင်းသီနှံနေကြာစိုက်ပျိုးကွင်းသရုပ်ပြပွဲတွင် ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပါဝင်စိုက်ပျိုး

ဘားအံ ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်သူများ စားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော ဆီကောင်းဆီသန့်များ သုံးစွဲနိုင်ရေးအတွက် ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဘားအံမြို့ ကော့သံခါးကျေးရွာရှိ တောင်သူဦးအဒီး၊ ဦးခင်မောင်၊ ဦးဖာချိတ်တို့၏ လယ်မြေဧက (၁၈)ဧကပေါ်တွင် ရေဆင်း(၁)စပ်မျိုးနေကြာ စုပေါင်းစိုက်ပျိုးပွဲကို ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က ဘားအံခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်နှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ စုပေါင်း၍ တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကွင်းသရုပ်ပြစိုက်ပျိုးပွဲအပြီးတွင် ဘားအံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် ယခုလို နေကြာသီးနှံစိုက်ပျိုးရေးကို အင်တိုက်အားတိုက်ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ရှိ ပါကြောင်းနှင့် နေကြာစိုက်ပျိုးခြင်းအားဖြင့် ဆီစားသုံးမှုဖူလုံလာမည့်အပြင် ဈေးကွက်စီးပွားရေးတွင်လည်း ဝင်ဆန့်နိုင်သည့်အတွက် စိုက်ပျိုးသင့်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သည့် ဆီစားသုံးမှုဖြင့် တောင်သူများအနေဖြင့် ကျန်းမာရေးကောင်းမွန်၍ လယ်ယာလုပ်ငန်းများကိုလည်း အောင်မြင်အောင်လုပ်ကိုင်နိုင်မည်ဖြစ်သည့်အတွက် နေကြာသီးနှံကို သီးထပ်နှင့်သီးညှပ်စနစ်ဖြင့် ပိုမိုစိုက်ပျိုးသင့်ကြောင်း ဒေသခံတောင်သူများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသက်ဆွေက နေကြာစိုက်ပျိုးသည့် နည်းစနစ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက်  ဒေသခံတောင်သူများက ကျေးရွာ၏လိုအပ်ချက်များဖြစ်သော လမ်း၊ တံတား၊ စာသင်ကျောင်းများ လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လာမည့်ဘတ်ဂျက်တွင် ထည့်သွင်းနိုင်ရေးအတွက် တင်ပြဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ကရင်ပြည်နယ်၊ ဘားအံခရိုင်အနေဖြင့် ပြည်သူများ စားသုံးဆီဖူလုံနိုင်ရေးအတွက် နေကြာသီးနှံကို တစ်ခရိုင်လုံး အတိုင်းအတာအနေဖြင့် စိုက်ဧက ၂၀၉၀) လျာထားခဲ့ပြီး သီးသန့်စိုက်ဧက (၂၇၀)စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဘားအံခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)