ချမ်းမြသာစည် ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၈ လမ်း၊ ၁၀၃×၁၀၇ လမ်းကြား၊ မန္တလာသီရိအားကစားကွင်းအတွင်းရှိ Multipurpose Stadium တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ တောင်သူများနှင့် တွေ့ဆုံနှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီ (၃၀)မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးမောင်ကိုမှ အဖွင့်အမှာစကားပြောကြားပြီးနောက် ကမ္ဘာစားနပ်ရိက္ခာနေ့အခမ်းအနားတွင် ဆုရရှိခဲ့သော တောင်သူ(၂)ဦးအား ထပ်ဆင့်ဆုချီးမြှင့်ပေးခဲ့သည်။ ဆက်လက်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းမှ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ အခမ်းအနားတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့မှုအား video click ဖြင့်ပြသခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ပညာရှင်များနှင့် တောင်သူများ စကားဝိုင်းပုံစံဖြင့် နှီးနှောဖလှယ်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပြီး (၁၂)နာရီ (၅)မိနစ်အချိန်တွင် အခမ်းအနားပထမပိုင်းကို ပြီးစီးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား နေ့လယ်စာ ထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ဆက်လက်၍ (၁)နာရီ (၃၀)မိနစ်အချိန်မှ (၃)နာရီ (၅၀)မိနစ်အချိန်ထိ အခမ်းအနားဒုတိယပိုင်းအစီအစဉ်များကိုကျင်းပခဲ့ရာ ပညာရှင်များနှင့်တောင်သူများ စကားဝိုင်းဖွဲ့၍ နှီးနှောဖလှယ်ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့သည်။ ဆက်လက်ပြီး ဝန်ကြီးချုပ် သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးမောင်ကိုက နိဂုံးချုပ်စကားပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသော စိုက်ပျိုးရေးသုံးစက်မှုလယ်ယာပစ္စည်းပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီ ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီးဦးမျိုးအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်စိန်လွင်၊ ဥပဒေချုပ်ဦးမြင့်အောင်၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးမြင့်လွင်၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးတိုးမင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးဇော်မင်းနိုင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသည့် ကုမ္ပဏီ/လုပ်ငန်းရှင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ မတ္တရာမြို့နယ်၊ မိတ္ထိလာမြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်တို့မှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ခင်စိမ်းဝင်း