တာချီလိတ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ခရိုင်အတွင်းအိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ရှင်းလင်းခြင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မဲစာရင်းပြုစုနေမှုအခြေအနေ၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုနှင့် အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်းကောက်ယူရေးတို့နှင့် ပတ်သက်၍ အမှာစကား ပြောကြားပြီး အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးဌာနမှူး ဦးသန့်ဇင်က မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှုနှင့် Working Group ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များ၊ သင်တန်းဖွင့်လှစ်ပို့ချပေးမည့်အခြေအနေ၊ မသန်စွမ်းသူများအား စာရင်းကောက်ယူမည့် အခြေအနေ၊ နေ့တွက်၊ လုပ်အားခနှင့် သယ်ယူပို့ဆောင်ခထောက်ပံ့ပေးမည့် အခြေအနေတို့နှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက စာရင်းကောက်ယူရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
တာချီလိတ်ခရိုင်တွင် တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ တာလေမြို့နှင့် ကျိုင်းလပ်မြို့တို့ ပါဝင်ပြီးရပ်ကွက်(၂၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၄)အုပ်စု၊ ကျေးရွာ(၄၁၆)ရွာ၊ အိမ်ထောင်စု (၅၀၈၉၂)စုရှိပြီး မြေပြင်တစ်အိမ်တက်ဆင်း စာရင်းကောက်ယူရေး Working Group(၁၀၂)ဖွဲ့ဖြင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်(ပြန်/ဆက်)