ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် တစ်နိုင်တစ်ပိုင်ပြုလုပ်နိုင်သည့် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ကျောက်ဆည် ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိရေး ယနေ့နံနက်(၁၀)နာရီအချိန်က ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်း(အခမဲ့) ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေက အားလပ်ချိန်တွင် အတတ်ပညာတစ်ခုကို သင်ယူတတ်မြောက်စေရန်နှင့် မိသားစုအပိုဝင်ငွေရရှိရန်အတွက် တစ်ပိုင်တစ်နိုင်စီးပွားရေး လုပ်ကိုင်လိုသူများ အထောက်အကူဖြစ်စေရန် အရင်းအနှီးနည်းနည်းဖြင့် အကျိုးဖြစ်ထွန်းစေပြီး မိမိတို့ကိုယ်တိုင်အသင့်ပြုလုပ်နိုင်သည့် ဆပ်ပြာဆီများကို ကိုယ်တိုင်ပြုလုပ်ခြင်းအားဖြင့် ရရှိလာသောအကျိုးကျေးဇူးများရရှိစေရန် သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းအဆင့်ဆင့်ကို သင်တန်းနည်းပြဆရာမ ဒေါ်မိုးမိုးက လက်တွေ့ပြသပေးခဲ့ကြောင်း သိရသည်။

အဆိုပါဘက်စုံသုံး ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသူ(၁၅)ဦးတက်ရောက်ခဲ့ပြီး ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းတွင် ပါဝင်သောပစ္စည်းများကို အချိုးကျရောစပ်ကာ ကိုယ်တိုင်လက်တွေ့ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်