လိပ်သိုမြို့တွင် ခရစ္စမတ်ပွဲတော်ကာလ အားကစားနှင့်ပျော်ပွဲရွှင်ပွဲများကျင်းပ

လိပ်သို ဒီဇင်ဘာ ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဘာသာရေးအကြီးအကဲများ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများ ပူးပေါင်းဦးဆောင်မှုဖြင့် ခရစ်ယာန်ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ခရစ္စမတ်ပွဲတော်ကာလတွင် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ပွဲတော်ကာလ အားကစားပြိုင်ပွဲများတွင် မြို့ပေါ်ရပ်ကွက်များရှိ ဘာသာစုံပြည်သူများအပြင် ပတ်ဝန်းကျင်ကျေးရွာများမှလည်း လာရောက်ပါဝင်ဆင်နွှဲလျက်ရှိကြရာ ဘောလုံးပြိုင်ပွဲတွင်(၆)သင်း၊ ဘော်လီဘောပြိုင်ပွဲတွင် (၁၀) သင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် (၁၀)သင်းတို့ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြပြီး ချောတိုင်တက်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲကဲ့သို့သော ပျော်ပွဲရွှင်ပွဲများလည်း ပျော်ရွှင်စွာပြုလုပ်ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ (၂၄) ရက်ညနှင့် (၂၅) ရက်နေ့များတွင် တေးဂီတဖျော်ဖြေပွဲများ၊ ခရစ္စမတ်အထူးဆုတောင်းဝတ်ပြုပွဲများ၊ မိတ်ဆုံစားပွဲများပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲများ၏ ဗိုလ်လုပွဲများနှင့် ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

စောဝေါ်ကွောထူး